International News

၂၀၂၀၊ ပထမသုံးလပတ်တွင် ယူရိုဇုန်၏ စီးပွားရေး ၃.၈ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်း

Last Updated:

ဥရောပစာရင်းအင်းအဖွဲ့(Eurostat) ၏ ကနဦးခန့်မှန်းချက်များအရ ပြီးခဲ့သည့် သုံးလပတ်ကာလနှင့်နှိုင်းယှဉ်လျှင် ၂၀၂၀၊ ပထမသုံးလပတ်ကာလအတွက် ယူရိုဇုန်၏ စီးပွားရေးမှာ (၃.၈) ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေး သက်ဆိုင်ရာ အစိုးရများ၏ ကန့်သတ်ပိတ်သိမ်းမှု ဆောင်ရွက်ချက်များကြောင့် စီးပွားရေးပြန်လည်ရုန်းထွက်နိုင်မှု ရပ်တန့်နေကြောင်း Eurostat ၏ ပဏာမခန့်မှန်းချက်များအရ သိရှိရကြောင်း၊ Eurostat ၏ စာရင်းအင်း အချက်အလက်များအရ ၁၉၉၅ ခုနှစ်မှစတင်ခဲ့သည့် time series တွင် အများဆုံး ကျဆင်းခဲ့မှုဖြစ်သည်ကို တွေ့ရှိရကြောင်း၊ Euro Area ၏ စီးပွားရေး မှာလည်း (၄.၅) ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့သဖြင့် ၂၀၀၉ ခုနှစ်၊ ဘဏ္ဍာရေးအကျပ်အတည်းထက် ပိုမိုသောစီးပွားရေးကျဆင်းမှုဆီသို့ ဦးတည်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဥရောပကော်မရှင်၏ စီးပွားရေးဌာနအကြီးအကဲဖြစ်သူ Paolo Gentiloni က ယူရိုဇုန်၏ စီးပွားရေးသည် ယခုနှစ်တွင် (၇.၅) ရာခိုင်နှုန်းဝန်းကျင်ဖြင့် ကျဆင်းရန် ၎င်းအနေဖြင့် မျှော်မှန်းထားသည်ဟု ပြောကြားခဲ့ကြောင်း၊ ထိုသို့ စီးပွားရေးကျဆင်းမှုကိန်းဂဏန်းများကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်ရေး အစိုးရများ၏ ကန့်သတ်ပိတ်သိမ်းမှုများ ဖြေလျှော့ချိန်တွင် စီးပွားရေးပြန်လည်ကောင်းမွန်စေမည့် အစီအမံများဆောင်ရွက်ရန်အတွက် အီးယူ၏ မူဝါဒချမှတ်သူများအပေါ် ဖိအားများ သက်ရောက်စေလျက်ရှိကြောင်း၊ အီးယူခေါင်းဆောင်များအနေဖြင့် အလုပ်သမားများ၊ ကုမ္ပဏီများနှင့် အစိုးရများအား စီးပွားရေးထိခိုက်မှုမှ ကာကွယ်ပေးနိုင်ရေး အစီအမံများ ဆောင်ရွက်ရန်အတွက် ယူရို (၅၄၀) ဘီလီယံ အစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ကြောင်း၊ ယင်းအစီအမံများကို လာမည့် ဇွန်လ (၁) ရက်နေ့မှ စတင်၍ လည်ပတ်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အကူအညီလိုအပ်သည့် အီးယူနိုင်ငံများအား ချေးငွေနှင့် အထောက်အပံ့များမှတစ်ဆင့် ပံ့ပိုးပေးနိုင်မည့် အီးယူ၏ ကာလရှည်ဘတ်ဂျတ်နှင့် ချိတ်ဆက်ထားသော ယူရို (၃၂၃) ဘီလီယံ တန်ဖိုးရှိ ပြန်လည်ထူထောင်ရေးရန်ပုံငွေတစ်ရပ်ကိုလည်း ဥရောပကော်မရှင်က ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း Politico ၏ ၃၀-၄-၂၀၂၀ နေ့စွဲပါ သတင်းဖော်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံ)

ရင်းမြစ် -  (Politico)

Category: International News